ဆီးစစ်တာ ၂ ကြောင်းစပေါ်ပြီ….. 🤰🏻 ကိုယ်ဝန်ရဲ့ လက္ခဏာတွေဖြစ်တဲ့ 🩸 ရာသီမလာတာ၊ 🥵 မောပန်းတာ၊ 🫢 ပျို့အန်ချင်တာတွေလဲ စဖြစ်နေပြီဆိုရင်…..ကိုယ်ဝန်ရှိတာ သေချာသလောက်ပါပဲ။ ဒါဆိုရင် ဘယ်အချိန်မှာ ကိုယ်ဝန်အပ်ကြမလဲ???

🤰🏻 တကယ်တော့… ကိုယ်ဝန်ကို စောနိုင်သမျှ စောစောအပ်နိုင်လေလေ အကောင်းဆုံးပါပဲ။ အများစုက ကိုယ်ဝန်ရဲ့ အစောပိုင်းကာလတွေမှာ ကိုယ်ဝန်အပ်ဖို့ သိပ်မတွေးကြပဲ  ၄၊  ၅၊  ၆ လလောက်မှ ကိုယ်ဝန်အပ်လေ့ရှိကြပါတယ်။  ဒါဟာ မမျှော်လင့်ပဲ ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ခင် စောမွေးတာ၊  မွေးဖွားရခက်ခဲတာနဲ့၊ ကလေးနဲ့ မိခင်ရဲ့ ကျန်းမာရေး ချို့တဲ့တာတွေအထိ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ကိုယ်ဝန် ၈ ပတ်ကနေ ၁၂ ပတ်အတွင်းမှာ မဖြစ်မနေ ကိုယ်ဝန်အပ်ဖို့ ညွှန်ကြားထားပါတယ်။

ကိုယ်ဝန်စောအပ်တဲ့အခါ ဘာတွေကောင်းကျိုးရှိနိုင်မလဲ?

(၁) ကိုယ်ဝန်ပျက်ကျတဲ့ ရာခိုင်နှုန်းကို နည်းစေတယ်

🤰🏻 မမျှော်လင့်ပဲ ကိုယ်ဝန်ပျက်ကျတာတွေရဲ့ ၈၀ ရာခိုင်နှုန်းက ကိုယ်ဝန်ဆောင်ကာလရဲ့ ပထမ သုံးလဖြစ်တဲ့ first trimester မှာအများဆုံး တွေ့ရလေ့ရှိပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ အနေအထိုင်၊ လှုပ်ရှားမှု ၊ အစားအသောက် စတာတွေကို ဆင်ခြင်ဖို့ အရမ်းကို အရေးကြီးပါတယ်။ ဒါ့ကြောင့် အစောပိုင်းကာလမှာ ဆရာဝန်နဲ့ အနီးကပ် ဆွေးနွေးပြီး ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာဖို့ လိုပါတယ်။ တချို့ သားအိမ်အားနည်းပြီး ကိုယ်ဝန်ပျက်လွယ်တဲ့ အမျိုးသမီးတွေမှာ သန္ဓေခိုင်ဖို့အတွက် လိုအပ်သလို ဟော်မုန်း 💉 ဆေးထိုးပေးရတာမျိုးလဲ ရှိနိုင်ပါတယ်။ 

(၂) သန္ဓေသားလေးကို ပိုကျန်းမာစေတယ်

ကိုယ်ဝန်အစပိုင်း ၃ လဟာ သန္ဓေသားလေးရဲ့ 🧠 ဦးနှောက်အပါအဝင် တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေ စတင်ဖွံ့ဖြိုးချိန်ဖြစ်ပါတယ်။ ဒီကာလမှာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အနေနဲ့ လိုအပ်တဲ့ ဆေးဝါး၊ ဗီတာမင်တွေ၊ မိခင်နဲ့ ကလေးအတွက် အာဟာရဖြစ်စေမယ့် အစားအသောက်တွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း စားသုံးပေးမယ်ဆိုရင် ကလေးကို ပိုကျန်းမာစေပြီး ဖွံဖြိုးမှုနှုန်း ပိုကောင်းစေပါတယ်။

(၃) မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေး အခြေအနေကို သိရှိနိုင်မယ်

ကိုယ်ဝန်စောစောအပ်တဲ့အခါမှာ မိခင်အတွက် ဆီးချို၊ ဘီပိုး၊ စီပိုး၊ HIV စတဲ့ ရောဂါတွေရှိမရှိစစ်ဆေးပေးတာကြောင့် ကလေးဆီကို ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိမရှိ၊ သွေးအုပ်စု၊ သွေးအားပြည့်မပြည့် စစ်ဆေးပေးတာ၊ လိုအပ်တဲ့ ကာကွယ်ဆေးတွေထိုးပေးတာ၊ ultrasound ရိုက်တာတွေ လုပ်ပေးနိုင်တာကြောင့် မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ဖြစ်မှာပါ။

(၄) လမစေ့ခင် မွေးဖွားတာကို လျော့နည်းစေတယ်

ပုံမှန်အားဖြင့် ကိုယ်ဝန်ရက်သတ္တပတ် ၃၄ ပတ်မတိုင်ခင်မှာ စောမွေးမယ်ဆိုရင် လမစေ့ကလေးဖြစ်နိုင်တာကြောင့် ကလေးအသေမွေးတာ၊ ကလေးရဲ့ ကျန်းမာရေးချို့တဲ့တာ၊ အသားဝါတာ၊  ပေါင်မပြည့်တာ၊ အရွယ်အစားသေးတာ၊ ကိုယ်အပူချိန်ကျဆင်းတာ၊ အသက်ရှုရခက်တာ၊ နို့စို့ရခက်တာစတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ကို  စောစောအပ်ပြီး ညွှန်ကြားချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။

👉🏻 ဒါ့ကြောင့် ကျန်းမာပြည့်စုံတဲ့ သားသမီးရတနာလေးတွေ ပိုင်ဆိုင်နိုင်ကြဖို့၊ မ်ိခင်ရော ကလေးပါ ကျန်းမာပြီး နောက်ဆက်တွဲ ပြဿနာတွေနည်းဖို့ဆိုရင် ကိုယ်ဝန်ရှိပြီဆိုတာ စသိတာနဲ့ ကိုယ်ဝန်အပ်ဖို့အရေးကြီးကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်နော်။

🍀ရည်မွန်နွေးထွေး ကုသပေး🍀

👉အသေးစိတ်သိရှိလိုပါက –

☎️Hotline Phone – 059- 2024080

📲Phone – 09 -768182260, 09 – 895033334, 09 – 783020551

အမှတ်(၂၄)၊ ကမြောကင်းလမ်း၊ ဆန်းချီရပ်၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး။

Tags:

Comments are closed